တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ဆက်လက်ကျင်းပ

ဟားခါး ဇွန် ၉

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် တတိယနေ့ စတင်ကျင်းပကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။

ထို့နောက် မေးခွန်းမေးမြန်းခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဦးဆန်အုပ်မန်း ဟားခါးမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရက အတည်ပြုပြီး ဌာနဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းအချို့ကို မည့်သည့်အတွက်ကြောင့် ရပ်ဆိုင်းထားသည်ကို သိရှိလိုသည့် မေးခွန်း၊ ဦးဇမ်းရှင်းဒါလ်း တွန်းဇံမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ် အမှတ်(၂)က တီးတိန်မြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ရှိသော Oxygen Plant ရှိ Booster စက်အသစ်တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသည့် မေးခွန်း၊ ဦးဝမ်းလျန်းထန်း၊ ဖလမ်းမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ် အမှတ်(၂)က ဖလမ်း−ဟားခါး ပြည်ထောင်စုလမ်းမကြီးအပေါ်ရှိ ရမ်ထလို ကျေးရွာနှစ်ခြင်း ဘုရားကျောင်း အောက်ဘက်နှင့် တာလ်းကျေးရွာအနီးရှိ ကတ္တရာလမ်းပြိုသည့် နေရာအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းကြပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးစောထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆက်စပ်မေးခွန်းများကိုမေးမြန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။

ယင်းနောက် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အဆိုပြုတင်သွင်းသည့် ချင်းပြည်နယ်လွှတ်တော် ပညာရေးနှင့်ကျန်းမာရေးကော်မတီဝင်များနှင့် ချင်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်း အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီဝင် များ၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်က အတည်ပြုမှတ်တမ်းတင်သည်။

ထို့နောက် ချင်းပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ၊ ကော်မတီဝင်များ အမည်စာရင်းနှင့် ချင်းပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာကော်မတီ၊ ကော်မတီအဖွဲ့ဝင်များ၏ အမည် စာရင်းကို အဆိုပြုတင်သွင်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်သည်။

ယင်းနောက် ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦးက ကော်မတီများ၏ သက်တမ်း၊ တာဝန်များ၊ လုပ်ငန်းများ၊ ကော်မတီများ အစားထိုးလဲလှယ်ခြင်း၊ ရပိုင်ခွင့်များ၊ ကောမတီမှ ရပ်စဲခြင်း၊ အရေးယူခြင်းဆိုင်ရာကိစ္စများကို တင်ပြရှင်းလင်းဆွေးနွေးကာ တတိယအကြိမ် ချင်းပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတတိယနေ့ကို ရပ်နား ကြောင်းသိရသည်။                                                                                                                                                                                      

ခရိုင်(ပြန်/ဆက်)