သထုံမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

သထုံ    ဇွန်     ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်က လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်ညီညီလတ်က အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးတင်ထွန်းက မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသံစဉ်မှူးက ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေနေထိုင်ရေးတို့ကို အသိပညာပေးဟောပြောကြကာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဗွီဒီယိုရုပ်သံအား ပြသခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)