စစ်တွေ ဇွန် ၉
AA နှင့် PDF အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်လာသူများအား အလင်းဝင်ကတ် ထုတ်ပေးခြင်းနှင့် ဆုကြေးငွေ ထောက်ပံ့ခြင်း အခမ်းအနားကို ဇွန် ၈ ရက် နံနက်ပိုင်းက စစ်တွေတပ်နယ်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အခမ်းအနားသည် အတွေးအမြင်လွဲမှားပြီး လက်နက်ကိုင် လမ်းစဉ်နောက် လိုက်ပါမိခဲ့ရာမှ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စေတနာအမှန်ကို ကိုယ်တိုင်သိမြင်၍ အမြင်မှန်ရရှိကာ အလင်းဝင်ရောက်လာသူများအား အလင်းဝင်ကတ်ထုတ်ပေးခြင်းနှင့် ဆုကြေးငွေထောက်ပံ့ခြင်း အခမ်းအနားဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေဘောင်းအတွင်း ပြန်လည်ဝင်ရောက် လာပြီး မိသားစုနှင့် ပြန်လည်ဆုံတွေ့ခွင့်ရရှိသည့် လူငယ်များအနေဖြင့် ရှေ့ဆက်ရမည့် အနာဂတ်မှာ နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို တိကျစွာ လေးစားလိုက်နာပြီး အတိတ်က အမှားများကို သင်ခန်းစာယူကာ နောက်နောင်တွင် မိမိကိုယ်တိုင် လမ်းမှားကိုထပ်မံ မရောက်ရှိစေရန် နိုင်ငံတော်တည်ငြိမ် အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ တတ်စွမ်းသမျှ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ကောင်းမွန်စွာပါဝင် လုပ်ဆောင်သွားကြရမည်ဖြစ်သကဲ့သို့ မိမိတို့ပတ်ဝန်းကျင်က ကျန်ရှိနေသေးသည့် လမ်းမှားရောက် လူငယ်များကိုလည်း နိုင်ငံတော်၏ ဥပဒေဘောင်အတွင်းမှာ ပါဝင်လာစေရန် စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လမ်းမှားရောက်နေပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူ များ ကျန်ရှိနေလျင်လည်း နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်စခန်းများနှင့် ရဲစခန်းများတွင် အမြန်ဆုံးယုံကြည်စိတ်ချစွာ ဆက်သွယ်သတင်းပို့လာပါက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကောင်းမွန်စွာ စောင့်ရှာက်ပြီး နွေးထွေးစွာ ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများနှင့် လူငယ်များမှ တစ်ဆင့် ပြန်လည်ရှင်းလင်း၍ ပြောကြားပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင် အလင်းဝင်ရောက်လာသူ လူငယ်များနှင့် ကျောင်းသားလက်ရုံးတပ်(SAF) အဖွဲ့ဝင် အလင်းဝင်ရောက်လာသူ လူငယ်များအား အလင်းဝင်ကတ်နှင့် ဆုကြေးငွေများ ထောက်ပံ့ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလင်းဝင်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများနှင့် အခြားလုပ်ငန်းများ၏ စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လစဉ်နှင့် သုံးလပတ်အလိုက် ပြုစုပေးပို့ရန် အကြောင်းကြားလာ၍ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောဌာန၊ အဖွဲ့အစည်းများအား ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ စာရင်းဇယားများအား မှန်ကန်စွာအချိန်မှီ ပေးပို့ကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်သွားကြရန်၊ သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး၊ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရေးတို့ကို အလေးထားကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ကျော်မိုးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး