မုံရွာ ဇွန် ၉
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတတိယနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေ အနေအား လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ဝန်းသိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးထိန်မင်း၏ “(၅-၆-၂၀၂၆)ရက်နေ့ (၁၀း၃၀) အချိန် စစ်ကိုင်းမြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး ဝင်ပေါက်ဝဲဘက်ဘေးတွင် ချိန်ကိုက်မိုင်းဟု ယူဆရသော ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံ့ဝန်ထမ်း(၆)ဦးနှင့် အပြစ်မဲ့ပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာ ရရှိမှုအပေါ် ဝမ်းနည်းကြောင်းနှင့် ဗုံးထောင်ဖောက်ခွဲခဲ့သော အကြမ်းဖက်သမားများ၏ လုပ်ရပ်များအား ကန့်ကွက်ရှုံ့ချကြောင်း” အရေးကြီးအဆိုတင်သွင်းရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆) ဦးမှ ထောက်ခံဆွေးနွေးခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဝန်းသိုမြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးထိန်မင်း၏ တင်သွင်းသည့် အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး လွှတ်တော်၌ မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်ငါးဦးက ကြယ်ပွင့်ပြထားသည့် မေးခွန်းခြောက်ခုကိုမေးမြန်းရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်ဝန်ကြီးများက ဖြေကြားကြပြီး မော်လိုက်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဒေါ်စန္ဒာသိန်း၏ “ချင်းတွင်းမြစ်အထက်ပိုင်းရှိ အဆင်ခြင်မဲ့ ရွှေတူးဖော်မှုလုပ်ငန်းများကြောင့် မြစ်ကြောင်း ပျက်စီးခြင်းနှင့် ပြဒါးညစ်ငြမ်းမှုနှင့်ဆိုင်ယာနိုက်ဓာတုပစ္စည်းများ ဘေးအန္တရာယ်များမှ ကာကွယ်တားဆီးနိုင်ရေး” တိုက်တွန်းကြောင်းအဆိုကိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်ငါးဦးနှင့် တပ်မတော်မသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့က ထောက်ခံဆွေးနွေးခဲ့သည်။
ထို့နောက် အဆိုပါ အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အဆိုနင့်စပ်လျဥ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူညီသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်းကြေညာသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)