ဇူလိုင်လ(၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းချီပြိုင်ပွဲ ရွှေတောင်မြို့နယ်တွင် ပြုလုပ်

ရွှေတောင် ဇွန်  ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရွှေတောင်မြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ  ရွှေတောင်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူ (၂၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပန်းချီပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများကို ပန်းချီဆွဲစာအုပ်များ၊ အချိုရည်နှင့်မုန့်များဝေငှပေးခဲ့ပြီး အမှတ်ပေးဒိုင် ဆရာ/ဆရာမများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)