ရမည်းသင်း ဇွန် ၉
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကြည်တော်ကုန်း(အ.မ.က)ကျောင်း၌ အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အပူဒဏ်မှကာကွယ်နိုင်ရန်အတွက် ရာသီဥတုကူးပြောင်းလာပြီဖြစ်သဖြင့် အပူချိန်လွန်ကဲခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြပါရန် လိုအပ်ပါကြောင်း အသိပညာပေးဟောပြောသည်။
ထို့နောက် ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကလေးအလုပ်သမားပျောက်ရေး နံရံကပ်စာစောင်များနှင့် သုတ/ရသဖြစ်စေမည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဟိန်းပြည့်ဇော်(ခရိုင်ပြန်/ဆက်)