ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်

ပန်းတောင်း ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ စာပေအရေးအသား စွမ်းရည်ထက်မြက်စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်းကျောင်း(ပန်းတောင်း)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

သင်တန်းတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေဗဟုသုတများ တိုးပွားလာစေရန်၊ ဘာသာစကားနှင့် စာပေအရေးအသားကဏ္ဍတွင် စနစ်တကျ ရေးသားစပ်ဆိုတတ်စေရန်နှင့် မိမိတို့၏ အတွေးအခေါ်၊ အယူအဆများကို ထိရောက်စွာ ဖော်ပြနိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းအေးက  စာစီစာကုံးတစ်စောင်၏ အခြေခံအဆောက်အအုံဖြစ်သည့် အစ၊ အလယ်၊ အဆုံး ရေးသားနည်းစနစ်များ၊ နိဒါန်းနှင့် နိဂုံးကို ဆွဲဆောင်မှုရှိစွာ ပျိုးထောင်ရေးသားနည်း၊ ဝါကျတည်ဆောက်ပုံနှင့် စာလုံးပေါင်းသတ်ပုံ မှန်ကန်ရေး၊ အကြောင်းအရာအလိုက် စိတ်ကူးစိတ်သန်းများကို စနစ်တကျ စီစဉ်အသုံးချနည်းများကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

လပြည့်လင်း(ပြန်/ဆက်)