တောင်တွင်းကြီး ဇွန် ၉
အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖူးလှိုင်ညွှန်းဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တောင်တွင်းကြီးမြို့မစည်ပင်သာယာဈေးသို့သွားရောက်ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများအား Mobile Lab Van ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖူးလှိုင်ညွှန်းဦးဦးဆောင်သော ဝန်ထမ်းများအဖွဲ့က တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမားရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ တောင်တွင်းကြီးမြို့မစည်ပင်သာယာဈေးရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များမှ လုပ်ငန်းရှင်များကိုတွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ၌ စားသုံးသူပြည်သူလူထု အစားအစာဘေးကင်းလုံခြုံစေရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းမပြုရန် ရောင်းချသည့် စားကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်တံဆိပ်နှင့် ထုတ်လုပ်သည့် နေ့ရက်/သက်တမ်းကုန်ဆုံး ရက်စွဲဖော်ပြပါရှိရေး အလေးထားလိုက်နာဆောင်ရွက်ရန်၊ စားသောက်ကုန်ပစ္စည်းများထုတ်လုပ်ရာ၌ တာရှည်ခံသောဓာတုဆိုးဆေးများ သုံးစွဲထုတ်လုပ်ခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများကို အလေးထားလိုက်နာဆောင်ရွက်ရန်တို့ကို အသိပညာပေးဆွေးနွေးပြောကြားပြီး ဈေးဆိုင်များအလိုက် အခြေခံစားကုန်ပစ္စည်းများတွင် ကျန်းမာရေးဆိုးကျိုးဖြစ်စေသည့် ဓာတုဆေးဝါးပစ္စည်းပါဝင်ရောနှောထားခြင်း ရှိ/မရှိ Mobile Lab Van ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)