မကွေး ဇွန် ၉
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသ (၁၃) ခရိုင်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ဒေသဂေဟစနစ် ကောင်းမွန်စေရေးတို့အတွက် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများကို စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် မိုးရာသီတွင် မကွေးခရိုင်အတွင်း သစ်ပင်ပေါင်း (၁၉၄၂၅၂) ပင်နှင့် ချောက်ခရိုင်အတွင်း သစ်ပင်ပေါင်း (၁၀၂၀၉၀) ပင်၊ စုစုပေါင်း သစ်ပင် (၂၉၆၃၄၂) ပင်အား သတ်မှတ်လျာထားချက်အတိုင်း ဇွန်လ (၅) ရက်နေ့တွင် ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။
မိုးရေချိန်နည်းပါးလေ့ရှိသော အပူပိုင်းဒေသများတွင် ယခုကဲ့သို့ သစ်ပင်များကို ပထမမိုးနှင့်အမှီ စိုက်ပျိုးခြင်းဖြင့် ပျိုးပင်များရှင်သန်အောင်မြင်မှုနှုန်းကိုများစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးပြီးစီးခဲ့သည့် သစ်ပင်များအား မိုးရာသီကာလအတွင်း သေပင်ဖာထေးခြင်း၊ ပေါင်းရှင်းခါးဆွမြေတောင်မြှောက်ခြင်းနှင့် မြေဩဇာကျွေးခြင်း စသည့် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ကျေးလက်နေပြည်သူလူထု၏ အခြေခံလိုအပ်ချက်များကို သိသာစွာအထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)