အောင်လံမြို့၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အောင်လံ ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အောင်လံမြို့နယ် လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ "ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး" ကို ယနေ့ နံနက် ၉ နာရီက စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အောင်လံခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) နှင့် လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) (NASPAW) ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ အကောင်အထည်ဖော်လျက်ရှိပြီး ပဋိပက္ခအတွင်း ကာကွယ်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အမျိုးသမီးများ၏ ကဏ္ဍကို ထည့်သွင်းထားကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင်အမျိုးသမီးကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍရပ်များအလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး၊ ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူးက လူမှုဝန်ထမ်းဦးစီးဌာနမှ Hot Line နှင့် Help Line များမှတစ်ဆင့် တိုင်ကြားလာသည့် အမျိုးသမီးရေးရာကိစ္စရပ်များကို ကူညီဖြေရှင်းပေးနေမှုများ၊ စောင့်ရှောက်မှုလိုအပ်သော အမျိုးသမီးများကို သင်တန်းကျောင်းအခြေပြု စောင့်ရှောက်ပေးနေမှုများနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး၊ ငွေကြေးထောက်ပံ့မှုပေးရေး လုပ်ငန်းကြီး (၇) ရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသူများက လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

အာကာ (ပြန်/ဆက်)