မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

မိုင်းယန်း ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတများတိုးပွားရေးရန်နှင့် လူတော်လူကောင်းများဖြစ်လာစေရန်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား/ကျောင်းသူများအား မိမိဘဝအတွက်ရည်မှန်းချက်ပန်းတိုင်ထားရှိပြီး ပညာကိုကြိုးစားသင်ယူသင့်ပုံအကြောင်းအရာများနှင့် ကျောင်းစာသင်ယူရုံသာမက အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြောင်းနှင့် စာဖတ်ခြင်းဖြင့်ရရှိစေနိုင်သည့်ကောင်းကျိုးများကို အသိပညာပေးရှင်းလင်းဟောပြောသည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်ပပဝင်းက လူငယ်နှင့်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအကြောင်းအရာများဖြင့် အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဟောပြောပြီး ကျောင်းသား၊ကျောင်သူများအတွက် အားကစားပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုရရှိနိုင်သည့် သုတ၊ ရသစာအုပ်စာစောင်များ ခင်းကျင်းပြသငှားရမ်းပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကိုပြသရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး