မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်‌ငွေတိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်

ရန်ကုန်  ဇွန် ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မှော်ဘီခရိုင်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအနက်မှ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း  အစီအစဉ်ဖြင့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိန်းနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ ပေတရာအပိုင်း၊ ကျောင်းကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီမံကိန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ မှော်ဘီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက သင်တန်းအဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က မိတ်ဆက်စကားပြောကြားပြီး မှော်ဘီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးဝင်းစိုးက သင်တန်းအမှာစကားပြောကြားခြင်းနှင့် မှော်ဘီခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ သင်တန်းသုံး လက်သုံးကိရိယာပစ္စည်းများ ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ 

အဆိုပါ  မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းကို  ဇွန် ၉ ရက်နေ့မှ ဇူလိုင် ၈ ရက်နေ့ထိ အခြေခံသင်တန်းနှင့် ဇူလိုင် ၁၆ ရက်နေ့မှ ၃၀ ရက်ထိ မွမ်းမံသင်တန်းများကို စာတွေ့၊ လက်တွေ့ ဟူ၍ သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် သင်တန်းသား ၅ ဦးကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်စိုး