တောင်ငူမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

တောင်ငူ   ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင် (၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်အဆင့် အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးများ၏ စွမ်းအားနှင့် ဂုဏ်သိက္ခာ” ခေါင်းစဥ်ဖြင့် ကျောင်းသူ (၅၆)ဦး၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “မြန်မာအမျိုးသမီးများ၏ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှု” ခေါင်းစဥ်ဖြင့် ကျောင်းသူ (၄၂)ဦး၊ စုစုပေါင်း (၉၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ စာစီစာကုံးပြိုင်ပွဲဝင် ကျောင်းသူများအား တောင်ငူမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး အားဖြည့်အချိုရည်များ ဝေငှခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)