သင်္ဃန်းကျွန်း ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သည့် မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး စာရင်းကိုင်သင်တန်းဖွင့်ပွဲကို ဇွန် ၈ ရက်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်လမ်း သုဝဏ္ဏမြို့ဦးဆုတောင်းပြည့်စေတီ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနိုင်၊မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုး၊ မြို့နယ်သမဝါယမအသင်းစု ဒုတိယဥက္ကဋ္ဌ ဦးကျော်သောင်းတို့မှ ဆက်လက်ပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားပြီးမြောက်ခဲ့သည်။
သင်တန်းအား ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့ထိ ၅ ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၅ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)