ကော့မှူး ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ယမန်နေ့ နံနက်က စာပေချစ်မြတ်နိုးသူ Book Club အသင်း အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် မအေးအေးဝင်းကစာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ပထမမင်္ဂလာစာအုပ်ထဲမှ “ပညာနှင့်တူသောအလင်းရောင်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်သီဟနိုင်က “ဆန္ဒကြီးရင်ကြံသမျှပြီးတယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မကျော့ကျော့အောင်က “ရည်မှန်းချက်ထား အမြဲကြိုးစားခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် Book Club အဖွဲ့ဝင်မအေးအေးဝင်းက နိုင်ငံရေး၊ နိုင်ငံရေးဆိုတာဘာလဲ၊ နိုင်ငံရေးသည် ချက်ချင်းအရေးယူဆောင်ရွက်ရန်လိုအပ်သည့် လတ်တလောလိုအပ်ချက်၊ တောင်းဆိုချက်၊ အရေးပေါ်ကိစ္စများနှင့်သက်ဆိုင်သော သိပွံအတတ်ပညာဖြစ်ကြောင်း၊ တာဝန်ခံရမည်သူက ပညာအမြော်အမြင်ပြည့်စုံရကြောင်း၊ ချက်ချင်းဖြေရှင်းစရာကိစ္စကို စက္ကန့်မဆိုင်း ဖြေရှင်းရန် ဆုံးဖြတ်ချက်ပေးပြီး စီမံဆောင်ရွက်ကြကြောင်း၊ ပညာဟူသည်ကား အဘယ်နည်း၊ ပညာဟူသည် အကောင်းအဆိုး၊ အကျိုးအပြစ်၊ အမှားအမှန်၊ အရင်းအဖျား၊ အဓိကနှင့်သာမညတို့အား ခွဲခြားတတ် ခြင်းကိုခေါ်သည်ဟု အင်းဝခေတ်စာဆိုအကျော် ဆရာတော်အရှင်မဟာသီလဝံသက ထုတ်ဖော် ရေးသားထားကြောင်း၊ အကြောင်းကင်းသော အကျိုးသည်မရှိနိုင်၊ အကြောင်းအရင်းကိုသိမှ အကျိုးကောင်းအောင်ပြုနိုင်မည် ဖြစ်ကြောင်း၊ အကြောင်းအရင်းတရားကို စဉ်းစားဆင်ခြင်၍လည်း ကောင်း၊ သုံးသပ်ဝေဖန်၍လည်းကောင်း၊ အဖြေရှာရကြောင်း၊ အနည်းဆုံးအမြဲထုံးစံဖြစ်သော နိယာမသဘောတို့ကို ကောင်းစွာနားလည် သိမြင်ရကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက် လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် သတိပြုရမည့်အချက်များအကြောင်း အသိပညာ ပေးနံရံကပ်စာစောင်များပြသထားရာစာပေချစ်မြတ်နိုးသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)