မြစ်ကြီးနား ဇွန် ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ လုံခြုံရေးဆိုင်ရာအသိပညာများ ဖလှယ်၍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက် အထောက်အကူပြုစေရန် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးက ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများသည် ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်သူများ၏သွား လာနေထိုင်မှုအတွက် အရေးပါသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့်အပြင် အများပြည်သူလုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးတို့နှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိပါ ကြောင်း၊ လက်ရှိကာလတွင် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ ပိုမိုများပြားလာသည့်အတွက် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် တည်းခိုသူများ၏ အချက်အလက်များကို စနစ်တကျ စာရင်း သွင်းမှတ်တမ်းတင်ခြင်း၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို တိကျစွာလိုက်နာခြင်း၊ မသင်္ကာဖွယ်ဖြစ်စဉ်များတွေ့ရှိပါက လုံခြုံရေးအဖွဲ့အစည်းများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ခြင်းဖြင့် မြစ်ကြီးနားမြို့၏ လုံခြုံရေးနှင့် မှုခင်းကျဆင်းရေးကို အားလုံးက ပူးပေါင်းပါဝင်ကူညီပေးကြရန်လို ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် ဧည့်စာရင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေ အနေများကို လည်းကောင်း၊ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးက မြစ်ကြီးနားမြို့တွင်း ဖြစ်ပွားခဲ့သော မှုခင်းများနှင့် ဖော်ထုတ်ဖမ်းဆီးမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အမှတ်(၁၂) လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူးက လူကုန်ကူးခံရမှုနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်းဖြင့် လည်းကောင်း၊ အမှတ်(၂) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှူးက မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းစဉ်များကို လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းရှင်များက သိလိုသည်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက ပူးပေါင်းဆောင်ရွက်နိုင် သည့် နည်းလမ်းများ နှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေက မှုခင်းကျဆင်းရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထား ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေ များကိုလည်းကောင်း၊ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခိုင်ဦး က ဧည့်စာရင်းမှတ်တမ်းရေးသွင်းခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သတ်မှတ်စည်းမျဉ်း စည်းကမ်းများ အပေါ် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို လည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်