ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများ၊ တိုင်းရင်းဆေးရုံ၊ သူနာပြုသင်တန်းကျောင်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇွန်   ၉

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးပြည်ဟိန်း၊ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်း တို့နှင့်အတူ ဇွန်လ ၇ ရက်နေ့၊ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ရှိ သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်မည့် သူနာပြုသင်တန်းကျောင်းနှင့်သားဖွားသင်တန်းကျောင်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် သင်ကြားရေးဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်း သား/သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးကာ သင်ကြားရေး၊ နေထိုင်စားသောက်ရေးနှင့် သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးမှာကြားခဲ့သည်။

ထို့အပြင် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းကလည်း မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်းတို့ကိုလှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များမှာကြားကာ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အစည်းအဝေးခန်း၌ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများ၊ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ခံတို့နှင့် တွေ့ဆုံ၍ ဌာနအလိုက်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန် စေရေး လိုအပ်သည်များမှာကြားကာတင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံ၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး ခြေတုလက်တုအားပြုကိရိယာ အလုပ်ရုံ၊ မူးယစ်ဆေးစွဲရောဂါကုဆေးရုံတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်မျာမှာကြား ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)