လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ် ရှမ်း(မြောက်) ဘတ်စကတ်ဘောဆပ်ကော်မတီဖလား အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

လားရှိုး ဇွန် ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင်  ၂၀၂၆ ခုနှစ် ရှမ်း(မြောက်) ဘတ်စကတ်ဘော ဆပ်ကော်မတီဖလား အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ပြည်ထောင်စုအားကစားကွင်းရှိ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။

ရှေးဦးစွာ တက်ရောက်လာကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့် တာဝန်ရှိသူများက  အသက် ၂၅ နှစ်အောက် အမျိုးသား ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြသည့် Lashio အသင်းနှင့် Tun Hlaing အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)  ဘတ်စကတ်ဘော ဆပ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဦးက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသည့် အမျိုးသားကစားသမား တစ်ဦးနှင့် အမျိုးသမီး ကစားသမားတစ်ဦးအား ထူးချွန်ဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာ ဦးမြတ်ဇင်နှင့် တာဝန်ရှိသူများက အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သည့် Lashio အသင်း၊ Tun Hlaing အသင်းနှင့် Nu Feng အသင်းအားလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သည့် Freedom အသင်း၊ Redemers အသင်းနှင့် Meet Again အသင်းအားလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်၊ တံခွန်စိုက်ဖလားနှင့် ချီးမြှင့်ငွေများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းအမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

အဆိုပါ ရှမ်း(မြောက်) ဘတ်စကတ်ဘော ဆပ်ကော်မတီဖလား အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲအား မေလ ၃၁ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားအသင်း ၂၄ သင်းနှင့် အမျိုးသမီးအသင်း ၇ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

လူမော် (ပြန်/ဆက်)