ကံမ ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အမှတ်(၁)ရပ်ကွက် မြို့မလမ်းသွယ်(၂) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တအတွင်းရေးမှူး ရဲမှူးစိုင်းညီညီမင်းနှင့်အဖွဲ့ဝင်များ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကနှင့်အဖွဲ့ဝင်တို့က ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်လှိုင်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါကွန်ကရစ်လမ်းမှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေ ကျပ်သိန်း(၂၄၀)ဖြင့် လမ်းအရှည်(၂၀၅)ပေ၊ လမ်းအကျယ် (၁၂)ပေ၊ လမ်းထု(၈)လက်မဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိထံက သိရသည်။
ကျော်ဇေယျဝင်း(ကံမ)