ပန်းတောင်း ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၌ ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ပန်းတောင်း) သီရိရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးတင်နိုင်ဦးက ပြိုင်ပွဲစည်းကမ်းများကို ပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၇) ဦးမှ “မြန်မာအမျိုးသမီးများ၏ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှု” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၁) ဦးမှ “မြန်မာအမျိုးသမီးများ၏ စွမ်းအားနှင့်ဂုဏ်သိက္ခာ” ခေါင်းစဥ်ဖြင့်လည်းကောင်း စုစုပေါင်း ကျောင်းသား/သူ (၄၈) ဦးက မိမိတို့၏ အတွေးအခေါ်၊ အရေးအသားစွမ်းရည်များကို ဖော်ထုတ်ကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုသို့ ပြိုင်ပွဲကျင်းပနေမှုကို ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စန္ဒာနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများကို မုန့်နှင့် ရေသန့်ဗူးများ ဝေငှပေးခဲ့သည်။
ဆက်လက်ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိကြသည့် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများနှင့် အမှတ်ပေးဒိုင် ဆရာ/ ဆရာမများ၊ အခန်းစောင့် ဆရာ/ဆရာမများအား ဆုများ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)