တောင်ငူမြို့ဟောင်း၊ ရှေးဟောင်းကျုံးအတွင်းရှိ သောင်များတူးဖော်ခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေးနှင့် ပိတ်ဆို့နေမှုများ ရှင်းလင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

တောင်ငူ  ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ကေတုမတီ တောင်ငူမြို့ဟောင်း တောင်ငူခေတ်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်တူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှေးဟောင်းကျုံးအတွင်းရှိ သောင်များတူးဖော်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ပိတ်ဆို့နေမှုများ ရှင်းလင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး အနောက်ဘက် ရှေးဟောင်းကျုံးအတွင်းရှိ သဲ၊ မြေသောင်များတူးဖော်ခြင်း၊ ကျုံးအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် အမှတ် (၁၇) ရပ်ကွက်၊ ကန်လမ်းကျုံးရှိ ပိတ်ဆို့နေမှုများအား တူးဖော်ခြင်းနှင့် ကျုံးအတွင်းပိတ်ဆို့နေမှုများ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ဒုတိယမြန်မာနိုင်ငံတော် တောင်ငူမင်းဆက်များ၏ မြို့ရိုး၊ မြို့ဝင်ပေါက်တံခါးများ၊ ရေကျုံး၊ နွံကျုံး၊ နန်းတော်ရာနှင့် ရှေးဟောင်းစေတီပုထိုးများကို  စနစ်တကျပြန်လည်တူးဖော်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တောင်ငူဒေသ ဖွံ့ဖြိုးတိုးတက်လာ၍ ရှေးဟောင်းမြို့တော်အတွင်း ခရီးသွားလုပ်ငန်းများဖြင့် နိုင်ငံအနှံ့နှင့် နိုင်ငံတကာမှ ခရီးသည်များ ဝင်ရောက်လာပြီး ဟိုတယ်လုပ်ငန်းကြီးများနှင့်အတူ ဒေသခံမြို့သူမြို့သားများ၏ လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)