ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲတက်ရောက်၊ ပြည်နယ်ကိုယ်စားပြု ကရာတေး၊ အားကစားသမားများနှင့်တွေ့ဆုံ

စစ်တွေ    ဇွန်   ၁၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လှုမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းသည်။

သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်၊ လိုလားချက်များကို သိရှိနိုင်ရန် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များ ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ယာယီနေရပ်စွန့်ခွာစခန်း(၅၄)ခုမှ တိုင်းရင်းသားများအား စစ်တမ်းကောက်ယူခဲ့ပြီး စစ်တမ်းရလဒ်အရ တိုင်းရင်းသားများ၏ ပထမဦးစားပေး တောင်းဆိုချက်ဖြစ်သည့် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သင်ထောက်ကူပစ္စည်းများကို အခမဲ့ဖြည့်ဆည်းပေးခြင်းအပြင် သင်တန်းသူများကို နေ့တွက်စရိတ်ထောက်ပံ့ပေးခြင်းနှင့် သင်တန်းထူးချွန်ဆုများကိုလည်း ထိုက်ထိုက်တန်တန်ချီးမြှင့် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအတွက် ချီးမြှင့်ငွေများ ပေးအပ်ရာ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက လက်ခံယူသည်။ ဆက်လက်ပြီး ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်ကြားမည့်ဘာသာရပ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လှုမှုဝန်ထမ်းဦးစီးဌာနရုံးသို့ သွားရောက် ကြပြီး သင်တန်းသူများ လက်တွေ့သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေးကြကာ သင်တန်းသူများ အတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီအားကစားခန်းမ၌ တိုင်းဒေသကြီး၊ ပြည်နယ်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရာတေး၊ တိုက်ကွမ်ဒို၊ ပိုက်ကျော်ခြင်း အားကစားသမားများနှင့် တွေ့ဆုံကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီး၊ ပြည်နယ်အားကစားပြိုင်ပွဲများသို့ ရခိုင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် ကရာတေးအားကစားနည်း၊ တိုက်ကွမ်ဒို အားကစားနည်း၊ ပိုက်ကျော်ခြင်းအားကစားနည်းများမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ ကစားသမားများအနေဖြင့် ကျန်းမာရေးကိုအထူးဂရုစိုက်ကြပြီး အုပ်ချုပ်မှုဖြစ်စဉ်များ မဖြစ်ပေါ်ရအောင် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ကာ အောင်မြင်မှုများရရှိ၍ ရခိုင်ပြည်နယ်အတွက် ဆုတံဆိပ်များ ဆွတ်ခူး ပေးနိုင်သော အားကစားအသင်းများနှင့် အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီး၊ ပြည်နယ်အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရာတေး၊ တိုက်ကွမ်ဒို၊ ပိုက်ကျော်ခြင်း အားကစားသမားများအား ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)ဓာတ်ပုံ- ဝင်းမင်းစိုး