ဆင်ပေါင်ဝဲ ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဆင်ပေါင်ဝဲမြို့ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန် ၁၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ရတနာမော်ကွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြိုးစန္ဒာသွယ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊နောက်ခံသမိုင်းကြောင်းနှင့် လူမှုအဖွဲ့အစည်းအတွင်း အမျိုးသမီးများ၏အခန်းကဏ္ဍ၊ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် လိုအပ်ချက်တွေကို အလေးထားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းဝတ်ရည်က ကျောင်းသား၊ ကျောင်းသူများအား ဥပဒေအကြောင်းအရာများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ မြို့မရဲစခန်း ဒုရဲမှူးသူရဇော်က "လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး" အကြောင်းအရာများကို video Clip ဖြင့် ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ စာပေအသိပညာကြွယ်ဝရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)