ပွင့်ဖြူ ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများအတွက် ဥပဒေကြောင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၁၆ ရက်၊ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်က မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ဖြစ်စဉ်များ၊ စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ညှင်းပန်းနှိပ်စက်မှုများနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ဆွေးနွေးဟောပြောပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်နော်အယ်နီးထာစိုးက အမျိုးသမီးများ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကာအကွယ်ပေးသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လိုက်နာရမည့်အချက်များကို ဆွေးနွေးဟောပြောသည်။
ဆက်လက်၍ ပွင့်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးမင်းအောင်က အမျိုးသမီးများ ကာအိန္ဒြေပျက်စီးစေရန် ပြုလုပ်ခြင်း၊ အကြမ်းဖက်ညှင်းပန်းနှိပ်စက်ခြင်းတို့ ကျူးလွန်မိပါက အရေးယူခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေများအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက ဆွေးနွေးဟောပြောသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)