ချောက်မြို့အ.မ.က(အေးရပ်)၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲပြုလုပ်

ချောက် ဇွန် ၁၈

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ချောက်မြို့အမှတ်(၁၃)နယ်မြေ အေးရပ် ရပ်ကွက်ရှိ အ.မ.က(အေးရပ်)၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြ‌သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဦးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က စာဖတ်ရှိန်မြှင့်တင်‌ရေးအနေဖြင့် လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် စာဖတ်ခြင်းမှရရှိလာမည့်အကျိုးကျေးဇူးများနှင့် ကျောင်းသား၊ကျောင်းသူများအားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးပြုရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက်ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟော‌ပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ ဉာဏ်စမ်းယှဉ်ပြိုင်ပေးခြင်းနှင့် ရွှေ့လျားစနစ်ဖြင့် စာအုပ်များငှားရမ်း‌ပေးခဲ့သည်။

အဆိုပါအသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ ဖတ်ရှု့လေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာအုပ်၊ စာစောင်များစသည့် ကလေးများ အသိပညာတိုးပွားရေးစာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်‌ဆေးဝါးအန္တရာယ်သတိပြုကာကွယ်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များတို့ကိုခင်းကျင်းပြသရာ ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)