လိပ်သို ဇွန် ၁၈
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်အတွက် ပုံပြင်ပြော ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဇွန်လ (၁၇)ရက်နေ့ နေ့လယ် ၂ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် ကောင်းကျိုးမရှိပဲ ဆိုးကျိုးသာရရှိနိုင်ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝက်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲလာမည်ဖြစ်ကာ အသိအမြင် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မည်သည့်ပြိုင်ပွဲကိုမဆို ဆုရသည်၊ မရသည် အဓိကမထားပဲ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ဆက်လက်၍ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ခေါင်းစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ၊ ဘောလ်ပင်များကို အမှတ်တရပေးအပ်ခဲ့ကြောင်းနှင့် အာဟာရမုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
နော်ဖလောရင်း