လိပ်သို ဇွန် ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ မိုးရာသီကာလ လက်ဖက်ရွက်နုများလှိုင်လှိုင်ထွက်ရှိချိန် လက်ဖက်စိုများ ပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိသည်။
လက်ဖက်စိုက်တောင်သူများမှာ ဒေသမျိုး လက်ဖက်ပင်များကို မိမိတို့၏ နေအိမ်ခြံဝင်းများအတွင်းနှင့် ဉယျာဉ်ခြံများတွင် မိသားစုစားသုံးရန်နှင့်အပိုဝင်ငွေရရှိစေရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း၊ အဆိုပါ လက်ဖက်ပင်များမှ လက်ဖက်ရွက်နုများကို ခူးယူပြီး ပြုတ်ကာ ရေအေးဖြင့် တစ်ညနှပ်ထားပြီးနောက် အရည်ညှစ်ကာ မှိုမတက်စေရန် အိတ်ဖြင့် လုံအောင်ထုပ်ပိုးပြီး ရောင်းချကြကြောင်း၊ ဒေသတွင်း၌ လက်ဖက်စို တစ်ထုပ်လျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်း သိရသည်။
ဒေသတွင်း၌ လက်ဖက်စိုများကို မိုးရာသီကာလတွင် ပိုမိုပြုလုပ်ရောင်းချကြပြီး နေရောင်ခြည် ကောင်းစွာရရှိသော ဆောင်းရာသီနှင့် နွေရာသီကာလများတွင် လက်ဖက်ခြောက်များ ပိုမိုပြုလုပ်ရောင်းချကြကြောင်း လက်ဖက်စိုက်တောင်သူတစ်ဉီးထံမှ သိရသည်။
နော်ဖလောရင်း