ဘားအံ ဇွန် ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ (၃/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၁၇)ရက်နေ့၊ မွန်းလွဲ ၂ နာရီက၊ ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ (၃/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော့ကရိတ်မြို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက တက်ရောက်အမှာစကားပြောကြားရာတွင် အကြမ်းဖက်သောင်းကြမ်းသူများမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ပြီး ကော့ကရိတ်မြို့အတွင်းသို့ ဝင်ရောက်ပြီး ဌာနဆိုင်ရာအဆောက်အဦများ၊ သာသနိက အဆောက်အဦများနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပါကြောင်း ယခုအခါ အဆိုပါနယ်မြေဒေသအခြေအနေများ ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို အရှိန် အဟုန်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိရာ ယခင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေမှု အခြေအနေများကို ဘက်ပေါင်းစုံမှ ဆွေးနွေးတင်ပြပေးစေလိုကြောင်းနှင့် မြို့တွင်းသန့်ရှင်းသာယာလှပစေရေး၊ ဌာနဆိုင်ရာအဆောက်အဦများ၊ အမြန်ဆုံးပြန်လည်ပြင်ဆင်ပြီး ဦးစီးဌာနရုံးလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော် ပုံမှန်လည်ပတ်စေလိုကြောင်း၊ လျှပ်စစ်မီးများပြည့်ဝစွာရရှိနိုင်ရေး၊ ဆက်သွယ်ရေးကွန်ယက်များ အဆင်ပြေချောမွေ့စေရေးနှင့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများကိုလည်း ဦးစားပေးဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ယခင်ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ ဦးစီးဌာနမှလုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် ကော့ကရိတ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ပြီးဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြပြီး၊ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများက မိမိတို့၏ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၏ လုပ်ငန်းများလည်ပတ်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အဖက်ဖက်မှ တင်ပြဆွေးနွေးမှုအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)