သံတောင်ကြီးမြို့တွင် ဂေါ်ရခါးသီးများလှိုင်လှိုင်ထွက်ရှိသော်လည်း ဝယ်လိုအားကျဆင်း

သံတောင်ကြီး  ဇွန် ၁၈

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ သံတောင်ကြီးမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များ ကိုစင်ထိုးပြီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခု မိုးတွင်းအချိန်တွင် ဂေါ်ရခါးသီးများလှိုင်လှိုင် ထွက်ရှိသော်လည်း ဝယ်လိုအားကျဆင်းကြောင်း သိရသည်။

အဆိုပါဂေါ်ရခါးသီးများသည် လူကြိုက်များသည့်သီးနှံဖြစ်ပြီးကြော်စား၍သော်လည်ကောင်း၊ ပြုတ်စား၍သော်လည်ကောင်း၊ ဟင်းချိုအဖြစ်ချက်စားရာတွင်လည်ကောင်းစားသုံးကြသည်။ဂေါ်ရခါးပင်များမှာ နွေ၊  မိုး၊ ဆောင်းရာသီမ‌ရွေး အသီးသီးကာ နွေရာသီအချိန်တွင် ဂေါ်ရခါးသီး တစ်ပိဿာ ကျပ်(၄၅၀၀)အထိရရှိပြီး ယခုဇွန်လအချိန်တွင် ဂေါ်ရခါးသီးများလှိုင်လှိုင်ထွက်ရှိသော်လည်း ဝယ်လိုအား ကျဆင်းပြီး တစ်ပိဿာလျှင်ကျပ်(၂၅၀၀) သာရရှိကြောင်း သိရသည်။ ဂေါ်ရခါးသီး များကို အိမ်အတွင်း စားသုံးရန်အတွက် သာမက အပိုဝင်ငွေရရှိစေရန် ခူးယူရောင်းချလျက်ရှိပြီး သံတောင်ကြီးမြို့နှင့် တောင်ငူမြို့သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

နော်နော်မူ