သံတောင်ကြီး ဇွန် ၁၈
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာမောင်စည်သူ(အဖျောက်)၏ တာဝန်သိစိတ်၊ တာဝန်ယူစိတ်စာအုပ်အား ယနေ့နံနက် ၁၀ နာရီက Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ် ချက်များ ရှင်းလင်းပြောကြားပြီး နော်သဲသဲဝင်း(Book Club) မှ စာအုပ်ပါ အကြောင်းအရာဖြစ်သည့် အတုခိုးမမှားဖို့၊ စာပေအအသိ၊ မုဆိုးနားနီးမုဆိုးစသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး နော်အယ်သာ (Book Club) အဖွဲ့ဝင်က စည်းကမ်းအစ၊ တာဝန်ယူစိတ်၊ တာဝန်သိစိတ်၊ အန္တရာယ်ကင်းတဲ့ပတ်ဝန်းကျင်၊ အသုံးနှင့်အဖြုန်း၊ တကယ်ဖြစ်ချင်တကယ်လုပ် စသည့်အကြောင်းအရာများ ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသည့်Book Club / Youth Clubအဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
အဆိုပါ စာရေးဆရာမောင်စည်သူ(အဖျောက်)၏ တာဝန်သိစိတ်၊ တာဝန်ယူစိတ်စာအုပ်ဖတ်ရှုခြင်းဖြင့် လူငယ်များစည်းကမ်းရှိခြင်း၏ တန်ဖိုးကိုနားလည်လာစေခြင်း၊ မိမိတို့လုပ်ဆောင်ရသည့်လုပ်ငန်းများအား တာဝန်သိစိတ်၊ တာဝန်ယူစိတ်များရှိခြင်းကြောင့်လုပ်ငန်းများအောင်မြင်မှုရရှိခြင်းကို သိရှိလာခြင်း စသည့်အကျိုးကျေးဇူးများရရှိစေကြောင်း သိရသည်။
နော်နော်မူ