ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကျေးရွာရှိ ကျောက်တန်း(၁)၊(၂)ရေလှောင်တမံ တည်ဆောက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျောက်ဖြူ ဇွန် ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကျေးရွာရှိ ကျောက်တန်း(၁)၊ ကျောက်တန်း(၂) ရေလှောင်တမံတည်ဆောက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့်အဖွဲ့ဝင်များသည် မဒေးကျွန်းကျေးရွာသို့ သွားရောက်ပြီး ယင်းကျေးရွာရှိ ကျောက်တန်း(၁)၊ ကျောက်တန်း(၂) ရေလှောင်တမံတည်ဆောက်လျက်ရှိရာတွင် အသုံးပြုရန်လိုအပ်မည့် စက်ကိရိယာပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများရောက်ရှိမှုအခြေအနေ၊  လောင်စာဆီအသုံးပြုမှုအခြေအနေနှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှုအခြေတို့အား ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ခရိုင်ဦးစီးမှူးက ကုန်းကျောတမံ(၁) ဆောင်ရွက်ပြီးစီးနေမှုအခြေအနေ၊ တမံ၊ ရေပိုလွှဲ၊ ရေထုတ်ကန်စသည့်လုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေများ၊ ပြီးစီးမှုအခြေအနေများ၊ ဆည်တည်ဆောက်ရေးအတွက် မြေအောက်ရေရရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ရောက်ရှိသည့်ပစ္စည်းများအား စနစ်တကျအသုံးချရန်၊ လုပ်ငန်းခွင်အတွင်းအန္တရာယ်မဖြစ်စေရေး အထူးအလေးထားဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း စံချိန်၊စံညွှန်း ပြည့်မီအောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် မဒေးကျွန်းကျေးရွာ၊ ကျောက်တန်း(အမက)ကျောင်းသို့ သွားရောက်ပြီး စာသင်ကျောင်းတွင် ပြုပြင်ရန်လိုနေသည်များကို ကြည့်ရှုစစ်ဆေးကာ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် မဒေးကျွန်းကျေးရွာ(ပြိန်)ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ဆရာတော်အား ဖူးမြော်ကြည်ညို ကန်တော့ကာ လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် အ.ထ.က(ပြိန်)နှင့် အ.မ.က(အောက်မဒေးကျွန်း)များသို့ရောက်ရှိပြီး ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ သန့်ရှင်းသော သောက်သုံးရေများရရှိရေးနှင့် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာကျောင်းတက်ရောက်နိုင်ရေးတို့အတွက် လိုအပ်သည်များကို ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများအား လမ်းညွှန်မှာ ကြားခဲ့သည်။

ဆက်လက်ပြီး  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် မဒေးကျွန်းရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသို့ သွားရောက်ကြည့်ရှုကြရာ စီမံကိန်းတာဝန်ခံနှင့်တာဝန်ရှိသူများက ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုက်လိုင်းများဖြင့်ပို့လွှတ်ပေးနေမှု၊ စီမံကိန်းဧရိယာအတွင်း လုံခြုံရေးကရိယာများတတ်ဆင်ထားရှိမှု၊ မီးဘေးလုံခြုံရေးတို့အတွက် စီမံထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်းဦး(ပြန်/ဆက်)