သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်လဲပြိုပြီး ဓာတ်အားလိုင်းတိုင်များပျက်စီးမှုဖြစ်ပွား

သထုံ ဇွန် ၁၉

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ပင်လဲပြိုပြီး လျှပ်ဓာတ်အားလိုင်းတိုင် ၁၀ တိုင် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြေနီကုန်းကျေးရွာ၊ မော်လမြိုင်-ရန်ကုန် ကားလမ်းမိုင်တိုင်အမှတ် (၈၆/၀) နှင့် (၈၆/၁) အကြား၊ ကားလမ်း၏ ဝဲဘက်ခြမ်းရှိ ရာဘာခြံဘက်သို့ လုံးပတ် (၁၀) ပေခန့်၊ အမြင့် (၅၀)ပေခန့်ရှိ သက်တမ်းရင့်ညောင်ပင်ကြီးမှာ အမြစ်မှပြိုလဲကျမှုဖြစ်ပွားခဲ့ကြောင်း ညောင်ပင်ပြိုလဲမှုကြောင့် (၁၁) ကေဗွီ ဇရစ်ချောင်ဖီဒါလိုင်းတွင် လက်ရှိဓာတ်အားဖြန့်ဖြူးထားသော ဓာတ်အားလိုင်းတိုင် (၁၀) တိုင် (Tension (၂) တိုင်နှင့် Suspension (၈) တိုင်)၊ ဓာတ်အားလိုင်းကြိုးနှင့် ဆက်စပ်ပစ္စည်းများပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါညောင်ပင်လဲပြိုမှုကြောင့် ကားလမ်းပိတ်ဆို့မှုဖြစ်ပွားခြင်းမရှိဘဲ မော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာလျက်ရှိပြီး ပျက်စီးသွားသည့် ဓာတ်အားလိုင်းတိုင်များအား တာဝန်ရှိသူတို့မှ အမြန်ဆုံးပြန်လည်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)