အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၁၄)သို့ တက်ရောက်ရမည့် သင်တန်းသား၊ သင်တန်းသူများအား ပြည်နယ်လူမှုရေးရာဝန်ကြီး လမ်းညွှန်အမှာစကားပြောကြား

ဘားအံ ဇွန် ၁၉

နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံတော်က ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ပြီး နိုင်ငံတော်၏ မူဝါဒနှင့်အညီ တိုးတက်အောင်မြင်ရေးကို ကြိုးစားဆောင်ရွက်ရမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) လှည်းကူး၊ ဖောင်ကြီးသင်တန်းကျောင်း၌ ဇွန်လ (၂၂)ရက်နေ့မှ ဇူလိုင်လ (၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည့် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၁၄)သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားသည်။

အဆိုပါ အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၁၄)သို့တက်ရောက်ရမည့် သင်တန်းသား၊ သင်တန်းသူများအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က လမ်းညွှန်အမှာစကားပြောကြားရာတွင် ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းတွင်ပို့ချမည့် နိုင်ငံတော်၏ ဆောင်ရွက်မည့် မူဝါဒများကို နားလည်သိရှိအောင် ကြိုးစားမှတ်ယူပြီး မိမိတို့၏ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းနယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ဖို့ လေ့လာကြရမှာဖြစ်သလို သင်တန်းမှချမှတ်ထားသော စည်းကမ်းများကို လိုက်နာပြီး ထူးချွန်သော သင်တန်းသား၊ သင်တန်းသူများဖြစ်အောင် ကြိုးစားသွားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းသို့တက်ရောက်ရမည့် ကရင်ပြည်နယ် ခရိုင်၊မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ (၂၇)ဦးအတွက်  ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ပေးအပ်သည့် ချီးမြှင့်ငွေများကို   ပြည်နယ်လူမှုရေးရာဝန်ကြီးက ပေးအပ်ချီးမြှင့်ရာ သင်တန်းသား နှစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးနှင့်အလှမ်း ကွာဝေးခဲ့ရသည့် ကျောင်းပြင်ပရောက်ကလေးများ အခြေခံပညာရေးကို  လူတိုင်းအကျုံးဝင် မှုရှိစေရေးနှင့် ကျောင်းသို့ပြန်လည်ရောက်ရှိစေရေးအတွက် Placement Test (အထူးအစီအစဉ်)အား နိုင်ငံတစ်ဝန်းရှိ သတ်မှတ်စာစစ်ဌာနများတွင် ဇွန်လ (၁၅)ရက်နေ့မှ ဇွန်လ (၁၉)ရက်နေ့အထိ ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာတွင်လည်း ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ  Placement  Test (အထူးအစီအစဉ်)အရ  အခြေခံပညာကျောင်းများ၊  ကိုယ်ပိုင်ကျောင်း(သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အကြောင်းအမျိူမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစပြီး၊ ကျောင်းပြင်ပသို့ရောက်ရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအတွက် သင့်လျော်ကိုက်ညီသော အတန်းများသို့ တက်ရောက် ပညာသင်ကြားနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးသည့်    အရည်အချင်းစစ် စာမေးပွဲဖြစ်ကြောင်း သိရသည်။

၎င်း Placement Test (အထူးအစီအစဉ်)ကို သက်ဆိုက်ရာကျောင်းများတွင် တက်ရောက်ခဲ့ဖူးသော အသက်(၁၅)နှစ်ထက် မကျော်လွန်သော ကလေးများအားလုံး အကျုံးဝင်သောကြောင့်ပညာရေးကို တန်ဖိုးထားသည့် လူတိုင်းအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ကျောင်းပြင်ပရောက်ကလေးများ ကျောင်းသို့ပြန်လည်ရောက်ရှိရေး Placement Test(အထူးအစီအစဉ်)အား ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ဆက်လက်ဖြေဆိုလျက်ရှိပြီး ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းစာစစ်ဌာနများ၌ ၎င်း၏အစီအစဉ်အရ Grade-1 မှ Grade-8 ဖြေဆိုရန်စာရင်းပေးသွင်းသူ (၃၉၂၆)ဦးပြီး၊ ဖြေဆိုသူ (၃၄၆၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ကရင်ပြည်နယ်အတွင်း ဖြေဆိုမှုရာခိုင်နှုန်းမှာ (၈၈.၁၃) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)