ပွင့်ဖြူမြို့နယ်၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ပွင့်ဖြူ ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရာသီဥတုဂေဟစနစ်များကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ကောင်းဖန်တီးပေးနိုင်ရန် ရည်ရွယ်ကျင်းပသည့် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ယနေ့နံနက်ပိုင်းက လက်ပံချည်ပေါ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က လက်ပံချည်ပေါ်ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ကျေးရွာသားများကို တွေ့ဆုံ၍ မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်ပြီး တောင်ယာမီး၊ တောမီးရှို့ခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပွားစေသဖြင့် ရှူရှိုက်မိသူများအား ကျန်းမာရေးထိခိုက်စေနိုင်ခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုလျော့နည်းရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကျေးရွာသူ၊ကျေးရွာသားများ လိုက်နာရမည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ၊ နည်းဥပဒေများကို ဆွေးနွေး ဟောပြောသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိမိလွင်က ကျေးရွာဝန်းကျင်သန့်ရှင်းသာယာလှပရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဇူလိုင်က မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုများမဖြစ်ပွားစေရေး ကြိုတင်တားဆီးကာကွယ်ရမည့် နည်းလမ်းများကိုလည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက ဆွေးနွေးဟောပြောသည့်အကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )