ရွှေဘိုတက္ကသိုလ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်း အခမ်းအနားကျင်းပ

ရွှေဘို ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်း အခမ်းအနားကို ဇွန်လ (၁၈) ရက်နေ့ နံနက် (၁၀) နာရီတွင် ရွှေဘိုတက္ကသိုလ်ရှိ ဘွဲ့နှင့်သဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမြတ်မြတ်သော်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ မြတ်မြတ်သော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်က မီးဘေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသုတစိုးက ငလျင်နှင့် ရေဘေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စောလပြည့်ဝင်းက တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြင့်တင်ရေးအကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ရွှေဘိုမြို့နယ်မီးသတ် ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မြတ်တိုးနှင့် တပ်ဖွဲ့ဝင်များမှ အသက်ကယ်ပစ္စည်း အသုံးပြုပုံများနှင့် 191 Report Application အသုံးပြုမှုအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဂတ်စ်မီးလောင်မှုနှင့်ဆီမီးလောင်မှုအား ရေစိုအဝတ်ဖြင့်ငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ ငြှိမ်းသတ်ခြင်းနှင့် မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်မှုအား သရုပ်​ပြသခြင်းများကို ရွှေဘို တက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)