လိပ်သိုဒေသထွက် ဒူးရင်းသီးများ စျေးကောင်းရရှိ

လိပ်သို ဇွန် ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင်းရှိ ဒူးရင်းပင်စိုက်ပျိုးသောကျေးရွာများမှ ဒူးရင်းသီးများ လှိုင်လှိုင်ပေါ်ချိန် ခူးဆွတ်ရောင်းချရာ၌ စျေးကောင်းရလျက်ရှိသည်။

ဒေသထွက် ဒူးရင်းသီးများသည် သဘာဝအတိုင်း စိုက်ပျိုးထားသဖြင့် အန္တရာယ်ကင်းပြီး အနံ့အရသာနှင့် ပြည့်စုံကောင်းမွန်ခြင်းကြောင့် ဝယ်ယူစားသုံးသူများပြားလျက်ရှိရာ လိပ်သိုမြို့ပေါ်၌ ဒူးရင်းသီးတစ်လုံးလျှင် အရွယ်အစားနှင့် အမွှာအနည်း/အများ ပေါ်မူတည်၍ (၈၀၀၀)ကျပ်မှ (၂၅၀၀၀) ကျပ်ထိ စျေးရရှိသဖြင့် ဒူးရင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသရှိ ဘိုကလေး၊ မြသာကုန်း၊ ကျမိုင်း၊ မြထင်၊ အလယ်ချောင်းနှင့် အခြားသော ကျေးရွာများတွင် ဒူးရင်းသီးများ ထွက်ရှိပြီး ဒေသထွက်ဒူးရင်းသီးများကို လိပ်သိုမြို့ပေါ်တွင်သာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့ ပိုဆောင်းရောင်းချကြကြောင်း သိရသည်။

နော်ဖလောရင်း