သာယာဝတီ ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကလေးသူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ဇွန်လ (၁၆) ရက်နေ့ နံနက် ၉ နာရီအချိန်က ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က အနာဂတ်ကလေးသူငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာများပြည့်စုံလာစေရန် စသည်ဖြင့်ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ကလေးသူငယ်များအား ပဟေဠိအမျိုးမျိုးဖြင့် ဉာဏ်စမ်းပြိုင်ပွဲကို ကျင်းပလျက်ရှိရာ ကလေးသူငယ်များမှ စိတ်ဝင်တစားဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြသည်။
သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းအပြင် သင်တန်းများ၊ ပန်ချီပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ စသည့်အစီအစဉ်များနှင့် အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)