မော်လမြိုင် ဇွန် ၁၇
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတို့ပူးပေါင်း၍ ဇွန်လ(၁၇)ရက်နေ့က အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းညွန်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်စန်းမြင့်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အကြောင်းအရာများ ယနေ့လူငယ်များမူးယစ်ဆေးဝါး အန္တရာယ်နှင့် ရင်ဆိုင်နေရမှုများ၊ မူးယစ်ဆေးဝါးစာရင်းတွင် ပါ၀င်နေသည့်ဆေးဝါးများ၊ မူးယစ်ဆေးဝါးကြောင့် ဘ၀ပျက်ခဲ့ရမှုများ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများနှင့် သုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများကိုလည်းကောင်း မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်းက မိမိတို့၏ကိုယ်ပိုင်အသိပညာဖြင့် အမှား၊ အမှန်ကို ဝေဖန်ပိုင်ခြားတတ်စေရန်အတွက် စာအုပ်စာစောင်များအား လေ့လာဖတ်ရှုစေရေး တို့ကိုလည်းကောင်း ၊မူးယစ်ဆေးဝါး ဆန်ကျင်ရေးအသင်း အလုပ်အမှုဆောင် ဦးသန်းဝင်းက မူးယစ်ဆေးဝါးအန္တရာယ် သမိုင်းကြောင်းအားလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ(၃၅၀)ဦးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်