မော်လမြိုင် ဇွန် ၁၉
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သထုံမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်းသို့ရောက်ရှိရာ ငါးလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူတို့က ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ငါးလုပ်ငန်းစခန်း (သထုံ) ၏ ငါးသားပေါက် ထုတ်လုပ်ဖြန့်ဖြူးနေမှုနှင့် ငါးလုပ်ငန်းသင်တန်းများဖွင့်လှစ်မှုတို့ကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ရေချိုငါး၊ ပုဇွန် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရေး၊ ငါးစားသုံးမှုဖူလုံပိုလျှံမှုရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရေးတို့ကိုမှာကြားကာ ငါးမွေးမြူရေးကန်များနှင့် ငါးသားပေါက်များမွေးမြူထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းသို့ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးက သင်ကြားရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့သင်ယူခဲ့ကြသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်၌ အကျိုးရှိစွာအသုံးချသွားရန်၊ အဆင့်မြင့်မွေးမြူရေးပညာရပ်များ ဆက်လက်ကြိုးစားသင်ယူသွားကြရန်၊ ထူးချွန်ထက်မြက်သည့် လူသားအရင်းအမြစ်များဖြစ်စေရေး၊ နိုင်ငံတော်က အားကိုးအားထားရသည့် ပညာရှင်များအဖြစ်ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းမှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အဆိုပါကျောင်းစားရိပ်သာအတွက် ငွေကျပ် ၁၀ သိန်းနှင့် ကြက်ဥ၊ ကျောင်းသုံးဗလာစာအုပ်၊ ပုံနှိပ်စာအုပ်တို့ကို ချီးမြှင့်ပေးအပ်ခဲ့ကာ ကျောင်းဝင်းအတွင်း ပြုလုပ်သည့် ကော်ဖီစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့တက်ရောက်၍ ရိုဘက်စတာ (မြေနိမ့်ကော်ဖီ) ပျိုးပင်များအား စိုက်ပျိုးပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သိမ်ဆိပ်ရပ်ကွက်ရှိ အသားတိုးကြက်နှင့် ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းသို့ရောက်ရှိရာ မွေးမြူရေးတောင်သူဦးအေးချိုနှင့် တာဝန်ရှိသူတို့က အသားတိုးကြက် မွေးမြူထုတ်လုပ်နေမှု၊ သဘာဝနည်းစနစ်ဖြင့် ငါးနှင့်ပုစွန် ပေါင်းစပ်မွေးမြူနိုင်ရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်သည် အခြေခံအားဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်စီးပွားရေးကို ဆောင်ရွက်လုပ်ကိုင်ကြပြီး ကျေးလက်တွင်နေထိုင်ကြသူ ၇၀ ရာခိုင်နှုန်းခန့်သည် လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့်သားငါး ကဏ္ဍတို့တွင် အသက်မွေးဝမ်းကျောင်းပြုနေကြသူများဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားရေးကိုမြှင့်တင်ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ မွေးမြူရေးကန် ရေအရည်အသွေးကောင်းမွန်ရေးနှင့် လိုအပ်သည့် နည်းပညာများရရှိအောင် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးတို့ကိုမှာကြား၍ ငါးကန်အတွင်း ငါးစာများကျွေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)