မော်လမြိုင် ဇွန် ၁၉
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားနှင့် MSME လုပ်ငန်းရှင်များ၏ လက်တွေ့တွင်ကြုံတွေ့နေရသည့် အခက်အခဲများကို ဖော်ထုတ်ဆွေးနွေး၍ ဖြေရှင်းနိုင်ရေး စီမံဆောင်ရွက်ခြင်း ဆွေးနွေးပွဲအခမ်းအနားကို ဇွန်လ (၁၇) ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း MSME များသည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအသက်သွေးကြောဖြစ်ပြီး ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီး ပေးနိုင်စွမ်းရှိကြောင်း၊ MSME များ ပိုမိုရှင်သန်ဖွံ့ဖြိုးလာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲလာစေရန် ငွေကြေးအထောက်အပံ့ရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာအထောက်အပံ့ရရှိရေးများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် စီးပွားရေးလုပ်ငန်းရှင်များကိုယ်စားပြု ဦးမိုးကျော်မှ မိတ်ဆက်စကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်လာသော MSME လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ MSME လုပ်ငန်းရှင်များ၏ လက်တွေ့တွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များမှ MSME လုပ်ငန်းရှင်များ၏ လက်တွေ့တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖော်ထုတ်ဆွေးနွေး၍ ဖြေရှင်းနိုင်ရေး စီမံဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ စားပွဲဝိုင်းအလိုက် ဆွေးနွေးခဲ့ကြသည်။
မွန်ပြည်နယ်အတွင်း အမှိုက်သိမ်းဆည်းရေးစနစ်နှင့် ထွက်ရှိလာသော အမှိုက်များအား ပြန်လည်အသုံးချနိုင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမှိုက်သိမ်းဆည်းခြင်းနှင့် အမှိုက်စီမံခန့်ခွဲခြင်းလုပ်ငန်းဆောင်ရွက်မည့် ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဇွန်လ (၁၇) ရက်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း အမှိုက်သိမ်းဆည်းခြင်းအပြင် ထွက်ရှိလာသော အမှိုက်များကိုလည်း စီးပွားရေးအရ အသုံးချခြင်းဖြင့် စနစ်တကျအမှိုက်စီမံခန့်ခွဲခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ပြည်သူများက ပူးပေါင်းပါဝင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ပုဂ္ဂလိက ကဏ္ဍတို့မှ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး အဘက်ဘက်မှ အကောင်းမွန်ဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် အကြုံပြုလိုသည့် အချက်များအား ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်း ဆွေးနွေးတင်ပြပေးရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် Swann Thu Aung Co.,Ltd ၏ တာဝန်ရှိသူများမှ အမှိုက်သိမ်းဆည်းခြင်းနှင့် အမှိုက်စီမံခန့်ခွဲခြင်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသူများမှ အမှိုက်သိမ်းဆည်းရေးစနစ်နှင့် ထွက်ရှိလာသော အမှိုက်များအား ပြန်လည်အသုံးချနိုင်ရေး လုပ်ငန်းများအား ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းဆောက်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)