မော်လမြိုင် ဇွန် ၁၉
မွန်ပြည်နယ်၊ သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်) ၏ ၂ဝ၂၆ - ၂ဝ၂၇ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ် ၊ တတိယနှစ် သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၁၆) ရက်နေ့နံနက်ပိုင်းက သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)၊ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်တန်းသည် အခြေခံပညာ Grade (9) အောင်မြင်ပြီး စာရင်းရေး၊ စာရင်းကိုင်ပညာရပ်ကို စိတ်ဝင်စားသူများ၊ ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေးစာရင်းကိုင်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်စေဖို့ဖြစ်ပြီး သမဝါယမကောလိပ်နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်တို့မှာ ပညာဆက်လက်သင်ယူနိုင်မယ့် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် စာရင်းကိုင်ပညာ တတ်ကျွမ်းသူများ မွေးထုတ်ပေးမှာဖြစ်သည့်အတွက် နိုင်ငံတော်နှင့် ပြည်နယ်အတွက် အားကိုးအားထားပြုနိုင်မည့် စာရင်းရေး စာရင်းကိုင်ပညာရှင်များ ပေါ်ထွက်လာစေဖို့အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများပေးအပ်ခဲ့ပြီး ပြည်နယ်သမဝါယမအသင်းဥက္ကဋ္ဌမှ ပြည်နယ်အတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်မှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းပို့ချနေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် မွန်ပြည်နယ် Kids Athletics-Train the Trainer Workshop သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၁၆) ရက်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်လျက် ကဏ္ဍပေါင်းစုံတွန်းအားပေး ဆောင်ရွက် လျက်ရှိရာ အားကစားကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ပြိုင်ပွဲများသာမက နည်းပြသင်တန်း၊ ဒိုင်သင်တန်းများနှင့် အားကစားနည်းအလိုက် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ဤသင်တန်းဖြစ်မြောက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးကြသူများ၊ ပံ့ပိုးကူညီဆောင်ရွက်သူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် ကျန်းမာသန်စွမ်းသော လူငယ်များ၊ စည်းကမ်းရှိသော လူငယ်များ၊ အရည်အချင်းရှိသော လူငယ်များပေါ်ထွက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်ကိုယ်စား အတွင်းရေးမှူး ဦးကျော်ထူးအောင်က ကြိုဆိုနှုတ်ခွန်းဆက် Kids Athletics-Train the Trainer Workshop ရည်ရွယ်ချက် ၊ ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/ သင်တန်းသူများမှ မိတ်ဆက်ဂါရဝပြုခဲ့ကြသည်။
ယင်းနောက် CTE Myanmar Co., Ltd မှ General manager ဦးစိုင်းစိုးထက်ကောင်းမှ သင်တန်းအောင်မြင်စွာဖွင့်လှစ်န်ိုင်ရေးအတွက် ငွေကျပ်သိန်း (၅၀) ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က Kids Athletics နှင့်ပတ်သက်၍ ကျောင်းသား/ ကျောင်းသူလေးများမှ သရုပ်ပြသခဲ့မှုအပေါ် ကြည့်ရှုအားပေး၍ သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများအားရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)