မော်လမြိုင် ဇွန် ၁၉
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ဇွန်လ (၁၆) ရက်နေ့နံနက် (၁၀) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ် (၈) ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထ) နေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၃၁) ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ (၃၀) ဦးတက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၆ ဒသမ ၇၇ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
အဆိုပါပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄) ဦး မေးမြန်းသည့်ကြယ်ပွင့်ပြ မေးခွန်း (၅) ခုကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်သည်။
ထို့နောက် မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုချက်ရသကဲ့သို့ ရက်ရှည်လများ ဆောင်ရွက်နေသည့် လောင်းကစားဝိုင်းများအား တားဆီးပိတ်ပင်ပေးရေးအဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ခြင်းနှင့် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်သည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၏ သက်ကြီးကျန်းမာရေးစောင့်ရှောက်သည့် Elderly Clinic လုပ်ငန်းသက်ဝင်လှုပ်ရှားရေးအဆို” နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးပြီး သက်ဆိုင်ရာဝန်ကြီးမှ သဘောထားရှင်းလင်းတင်ပြ၍ ပြည်နယ်လွှတ်တော်၏ အဆုံအဖြတ်ကိုရယူခဲ့သည်။
မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထ) နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး (ပဥ္စမ) နေ့ကို ဇွန်လ ၁၉ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)