မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း မွန်ပြည်နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မော်လမြိုင် ဇွန် ၁၉

မွန်ပြည်နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ရည်ရွယ်ချက်ဖြင့် အမျိုးသမီးကော်မတီကိုဖွဲ့စည်းထားကြောင်း၊ အမျိုးသမီးရေးရာအဖွဲ့များမှ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ကော်မတီတွင်ပါဝင်သောဌာနဆိုင်ရာမျာအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်ဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးက ပြည်နယ်အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး၍ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက အကြံပြု‌ဖြည့်စွက်ဆွေးနွေးကာ မွန်ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)