နတ်မောက် ဇွန် ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင် အခြားဗဟုသုတရစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်ဖြစ်လာစေရန် လစဉ်အထိမ်းအမှတ်ပွဲများ ကျင်းပသည့်အခါ ဝင်ရောက်ယှဉ်ပြိုင်ကြစေလိုကြောင်းနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ အကြောင်းရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိဦးငြိမ်းချမ်းထွန်းက မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲလျှင် ကျခံရမည့် ဥပဒေများအကြောင်း ရှင်းလင်း ပြောကြားပြီး မြို့နယ်ပညာရေးမှူးက မြို့နယ်အဆင့် ပြိုင်ပွဲများကျင်းပပေးသည့်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ထို့နောက်ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အမျိုသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ဥပဒေအရာရှိတို့က ဆုများကို အသီးသီးချီးမြှင့်ပေးခဲ့သည်။
လှဝင်း