မော်လမြိုင် ဇွန် ၂၀
၂၀၂၆ခုနှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မော်လမြိုင်ဇုန်မှ အားကစားအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင် တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မော်လမြိုင်ဇုန်မှ အားကစားအသင်း အဖွဲ့ခေါင်းဆောင် ၊ အုပ်ချုပ်သူ ၊ နည်းပြများနှင့် အားကစား သမားများမှ တစ်ဦးချင်း မိတ်ဆက် ဂါရဝပြုခဲ့ကြပြီး မော်လမြိုင်တက္ကသိုလ်၊ ပါမောက္ခချုပ်က ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ် ကျောင်းသားလူငယ်များအား ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် အားကစားကို ပညာရေး၏ အစိတ်အပိုင်းတစ်ခုအနေဖြင့်ခံယူကာ ဉာဏ်ရည်မြင့်မားပြီး ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ပေါက် စေလိုသည့်အတွက် ယခုလိုတက္ကသိုလ်အဆင့် ကျောင်းသား အားကစားပွဲများကို အားထုတ် ကြိုးပမ်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ မော်လမြိုင်ဇုန်ကိုယ်စားပြု အားကစား သမား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းကျန်းမာမာနှင့် မိမိတို့၏ဇုန်၊ မိမိတို့၏ တက္ကသိုလ်ဂုဏ်ကို မြှင့်တင်ပေးနိုင်သော အားကစားသမားများအဖြစ် အောင်မြင်မှုများကို ဆွတ်ခူးနိုင်ကြစေရန်၊ အားကစားဖြင့် မိမိတက္ကသိုလ်၊ မိမိပြည်နယ်၊ မိမိနိုင်ငံ၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားနိုင်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်ဇုန်မှ အားကစားအသင်းများအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)