‌မော်လမြိုင်မြို့နယ်၌ သီးသန့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ ကျင်းပ

မော်လမြိုင် ဇွန် ၂၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် သီးသန့်အရန်မီးသတ် တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သီးသန့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၆)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးအောင်မြင့်ဌေးက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ကိုနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလုပ်သား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ပစ္စည်းများ၊ နိုင်ငံပိုင်ပုဂ္ဂလိကပိုင်အဆောက်အဦများ၊ ကုန်ထုတ်အရင်းအနှီးများအား မီးဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန်၊ သဘာဝဘေးအလျောက် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော် သီးသန့်အရန် အင်အားအဖြစ် လေ့ကျင့်ဖွဲ့စည်းတည်ဆောက်ရန်ဆိုတဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက် များဖြင့် ဖွဲ့စည်းထားတာ ဖြစ်ကြောင်းစည်းကမ်းလိုက်နာတတ်မှု အမိန့်နာခံတတ်မှုစတဲ့ အလေ့အကျင့်ကောင်းတွေနဲ့အတူ လူထုအသိုင်းအဝန်းတစ်ခုလုံးရဲ့အကျိုးကို ရှေးရှုဆောင်ရွက် တတ်တဲ့ အရည်အသွေးကောင်းများပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံမှာ နှစ်စဉ်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးအနက် မီးဘေးအန္တရာယ်ဟာ အများဆုံးဖြစ်ပြီး၊ မီးသတ်လုပ်ငန်းတွေဟာ တစ်ဦးချင်းဆောင်ရွက်ရတဲ့ လုပ်ငန်းမျိုးမဟုတ်ဘဲ အစုလိုက်အဖွဲ့လိုက် အားကြိုးမာန်တက် ဆောင်ရွက်ရတဲ့ လုပ်ငန်းများဖြစ်ကြောင်းနှင့် သင်တန်းသားအနေနဲ့ ယခုသင်တန်းပြီးဆုံးသွားတဲ့အခါ မိမိတို့သင်ကြားထားသည်များကို လက်တွေ့နယ်ပယ်တွင် ပြန်လည် အသုံးပြု‌ကြရန် ပြောကြားခဲ့သည်။

ထို့နောက် သီးသန့်အရန်မီးသတ်တပ်ဖွဲ့ဝင် (၈၀)ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)