တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

ဘားအံ ဇွန် ၁၉

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို ပြည်နယ်လွှတ်တော်က အတည်ပြုမှတ်တမ်းတင်သည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း(၄)ခုအားမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြပြီး ဦးအေးမင်းထွေး မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)က ပြည်တွင်းခရီးစဉ်ဒေသနေရာများ သဘာဝအတိုင်းထိန်းသိမ်းထားရှိနိုင်ရေးနှင့် ခရီးသွားများ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများအား ထိန်းသိမ်းကြပ်မတ်နိုင်ရေး တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးခိုင်ထွန်းဦးက ထောက်ခံတင်ပြပြီး ယင်းအဆိုနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်တွင် လက်ခံဆွေးနွေးရန်သင့်မသင့် ကိုယ်စားလှယ်များ၏ သဘောဆန္ဒကိုရယူရာ ကန့်ကွက်ရန်မရှိ သဘောတူညီကြသည့်အတွက် လက်ခံဆွေးနွေးရန် သဘောတူကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ယင်းနောက် ကရင်ပြည်နယ်ရေချိုငါးလုပ်ငန်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးက ပြည်နယ်လွှတ်တော်သို့ တင်သွင်းရာ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်နယ်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်တစ်ဦးက ဖတ်ကြားတင်ပြပြီး အဆိုပါဥပဒေကြမ်းကို ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ဆက်လက်၍ ပြည်သူတို့၏ တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီတွင် ကော်မတီဝင်(၁)ဦးထပ်မံ ဖြည့်စွက်တာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ပြီး ကန့်ကွက်လိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာကာ အစည်းအဝေး ဒုတိယနေ့ကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)