လှိုင်းဘွဲ ဇွန် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် လူကုန်ကူးမှုအန္တရာယ် ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ဇွန် (၁၉) ရက်နေ့က ပတ်ကျောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ကမော့ကချူးကျေးရွာ အထက်တန်းကျောင်းခွဲတို့၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး စိုင်းထွန်းထွန်းလှက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ ပြစ်မှု၊ပြစ်ဒဏ်များအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က လူမှောင်ခို၊လူကုန်ကူးမှုအန္တရာယ်များကို ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝတ်ရည်စမ်းက အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် ကရင်ပြည်နယ် ဘားအံမြို့၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့တို့တွင် ဖွင့်လှစ်ထားရှိသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက် တန်းကျောင်းများတွင် တက်ရောက်သင်ကြားနိုင်သည့် သတ်မှတ်ချက်များနှင့် အခွင့်အလမ်းများ၊ အဆောင်နေ ကျောင်းသား၊ကျောင်းသူများ၏ စားသောက်စရိတ်ကို ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးမည့် အကြောင်းများကို ဆွေးနွေးရှင်းပြခဲ့သည်။
ထို့နောက် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေက ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာနှင့် ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ မြို့နယ်ဥပဒေအထောက်အကူပေးရေး အဖွဲ့မှ ကူညီဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအကြောင်း၊ မြို့နယ်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဒိ (ပြန်/ဆက်)