ဘားအံ ဇွန် ၂၁
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို ဆွေးနွေးမှုများရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယမန်နေ့နံနက် (၉)နာရီအချိန်က ဘားအံမြို့၊ ရဲသာကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဖိုးအောင်က နှုတ်ဆက်စကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဌာနအလိုက် ဆောင်ရွက်ပေးလျက်ရှိသော ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာနေပြည်သူများက ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအတွက် ချေးငွေထုတ်ပေးနေမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ပြီး ပြည်သူ့စကားဝိုင်းသို့ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)