မြဝတီမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ

မြဝတီ ဇွန် ၂၁

ကရင်ပြည်နယ်၊ မြဝတီမြို့ တွင် ၂၀၂၆ခု နှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် (၉:၀၀) နာရီက မြဝတီမြို့နယ် အခြေခံပညာအထက်တန်း(ခွဲ) သင်္ဃန်းညီနောင်ကျောင်းတွင်လည်းကောင်း၊ နေ့လယ် (၁:၀၀) နာရီက အခြေခံပညာအလယ်တန်း (ဖားချောင်း)ကျောင်းတွင်လည်းကောင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနှင့် အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲဆောင်ရွက်ရာ၌ အခြေခံပညာအထက်တန်း(ခွဲ) သင်္ဃန်းညီနောင်ကျောင်း၏ ကျောင်းအုပ်ဆရာမမကြီး ဒေါ်ဇင်​ဇင်လင်းနှင့် အခြေခံပညာအလယ်တန်း (ဖားချောင်း)ကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးညီညီသွင်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။

ထို့နောက်  ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် လူငယ်လူရွယ်များကြုံတွေ့ရမည့် နောက်ဆက်တွဲပြဿနာများ၊ မူးယစ်ဆေးဝါး သားကောင်အဖြစ်သို့ မရောက်ရှိစေရေး အတွက်အသိပညာဗဟုသု တများကြွယ်ဝစေရန် စာပေဗဟုသုတများ လေ့လာဖတ်ရှုရမည့် အကြောင်းအရာများကို လည်းကောင်း၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်စိုးက ကလေးအလုပ်သမားများ ပပျောက်စေရန် သတိပြုဆင်ခြင်ရမည့် အကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ် ကင်းဝေးစေရေးအတွက် သတိပြုဆင်ခြင်ရမည့်အချက်များကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ကျောင်းသားလူငယ်များကို  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိရှိလိုက်နာရမည့်အချက်များ၊ ဗလငါးတန် ပြည့်စုံပြီးလူတော်လူကောင်းဖြစ်ကြစေရန်နှင့် အသိပညာ ဗဟုသုတ ကြွယ်ဝစေရန် သိရှိလိုက်နာရမည့်အချက်များကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး ကျောင်းသား၊ကျောင်းသူများက ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်၊ စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများက  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)